"မှားသွားတယ် ခွင့်လွှတ်ပါ" လို့ပြောတာဟာသိက္ခာ မကျပါဘူး။သိက္ခာရှိပါတယ်။
ဘယ်သူ့ကြောင့်ပဲ၊ ဘယ်သူက ဒီဇာတ်လမ်းကို စတာပဲ၊ ဘယ်သူမှားတာပဲ....... ဆိုတာတွေ ဘေးချိတ်လိုက်ပါ။ လက်ညိုးထိုးပြီး အောင်ပွဲ ခံရမယ့်ပွဲ မဟုတ်ဘူး။ မကျေမချမ်းတွေ ဖြစ်ပြီးစကား မပြော ကြေး ၊စိတ်ကောက် ကြတာဟာ လူကြီးတွေရဲ့ အလုပ် မဟုတ်ပါဘူး။ လျှာနဲ့သွားခလုတ်တိုက် မိတာတို့၊ ကိုယ်မှန်-သူမှား တို့ဆိုတာ လောကသဘာဝ ကြုံရတတ်တာပါ။
ကျွန်တော့် နည်းလမ်းတွေကို လိုက်နာမယ် စိတ်ကူးရင်တော့၊ကိုယ်ကပဲ အရင်ဆုံး 'ခွင့်လွှတ်နော်' 'I am sorry' လို့ ပြောတတ်ပါစေ။ဒီလိုပြောလိုက် လို့ သိက္ခာမကျပါဘူး။ စိုသော လက်ကို မခြောက်ဖို့ ကြိုးစားသူအဖြစ် သိက္ခာတောင် တက်ပါသေးတယ်။
'စိတ်မကောင်းပါဘူး' လို့တောင်းပန်တာဟာ တကယ် စိတ်မကောင်းလို့ပဲ ဖြစ်ရမယ်။ သွေးဆူနေတုန်းတော့ ငြင်းကြ-ခုံကြတာ သဘာဝပါပဲ။ ဒါပေမဲ့ အဲဒီလို ငြင်းခုံရပြီ ဆိုကတည်းက နည်းလမ်း မကျတော့ တာတွေ ဖြစ်လာပြီ လို့သိသင့်ပါတယ်။ သေးသေးဖွဲဖွဲပဲ ဖြစ်ဖြစ်၊ ကြီးကြီးမားမားပဲ ဖြစ်ဖြစ် ငြင်းတယ်၊ခုံတယ် ဖြစ်လာပြီဆို ကတည်းက မှားနေပြီ။ ဒီတော့sorry လို့ပြောလိုက်ပါ။စိတ်ထားမြင့်ရာ ကျပါတယ်။ဆက်ဆံရေးကို ခိုင်မြဲချင်သူဖြစ်ရာကျပါတယ်။ ကိုယ်မှန်တယ်၊သူမှားတယ် ဆိုတာတွေ မေ့ပစ်လိုက်ပါ။
ငြင်းတယ် ဆိုကတည်းကမှားနေကြပြီပဲ။ဒီတော့ ကိုယ်ကဦီးအောင် တောင်းပန်လိုက်ပါ။ မာနကို ထိခိုက်တယ်၊ လုပ်ရမှာခက်တယ် ဆိုတာတော့မှန်ပါရဲ့၊ကြိုးစားပါ၊ အကောင်းဆုံးကတော့ ဒီစာအုပ်ကို ထပ်ဝယ်ပြီး သူကိုလက်ဆောင်ပေးလိုက်တာ ဖြစ်ပါတယ်။ သူသဘောပေါက်သွားပါလိမ့်မယ်။ကိုယ် တောင်းပန်လိုက် လို့ပြေငြိမ်းသွားရတဲ့ ကြည်နူးမှုကလည်း ကြီးမြင့်လှပါတယ်။
လည်ချောင်းဝမှာ တစ်ဆို့ဆို့ဖြစ်နေပြီး အရမ်း ကြိုးစားပြောရမှာ ဖြစ် တယ်ဆိုရင်တောင် အကျိုးကျေးဇူးတွေ အများကြီး ရှိလာမယ်ဆိုတာကို စဉ်းစားပြီး ပြောဖြစ်အောင်ပြောပါ။ သဘောထားကြီးရာရောက်သွားမယ်။ ဒါ့ပြင် ဒေါသတွေ ငြိမ်းသွားမယ်။ ဆက်ဆံရေး ကြည်လင်သွားမယ်။ ကိုယ်က ဦးအောင် တောင်းပန်လိုက်ရင် တစ်ဖက်ကလည်း ပြန်ပြီး ဝန်ချဖို့များပါတယ်။
တောင်းပန်တယ်ဆိုတာ ကိုယ်မှားလို့ချည်း မဟုတ်ပါဘူး။ ကိုယ်က မှန်နေတာတောင် စိတ်ကို မထိန်းနိုင်မှု၊ ရန်လိုမှု၊ မဆင်ခြင်မှုတွေအတွက် တောင်းပန်တာပါ။ ကိုယ့်သိက္ခာကိုယ်ချမိတဲ့ အဖြစ်ကို စင်ကြယ်အောင် ဆေးကြောပြီး ခေါင်းမော့လိုက်စမ်းပါ။
Written By; SSA
Reference - http://zaw357.multiply.com
ဒီပို့ စ်လေးကိုတင်ရတဲ့အကြောင်းက ဒီကမ္ဘာတစ်ခုတည်းပေါ်မှာရှိနေကြတဲ့ လူတွေအားလုံး လူလူချင်း စာနာသင့်တာစာနာဖို့  တစ်ယောက်နဲ့ တစ်ယောက် နှိမ်ချမဆက်ဆံဖို့  ခွင့်လွှတ်တတ်ဖို့  ကိုယ်ကမှားခဲ့ရင် တောင်းပန်သင့်တာကို တောင်းပန်ဖို့ ဝန်မလေးဖို့ ကိုရည်ရွယ်ပါတယ်။


